ကလေး ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်း တာရိုးသည် ၃ ရက်ခန့် မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ချောင်းရေကြီးပြီး ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင် ချောင်းတာရိုးကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးလယ်မြေများအတွင်းသို့ ဖြတ်သန်းစီးဆင်း ခဲ့မှုကြောင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်းသိရသည်။
နတ်မြောင်းချောင်းတာရိုးကို ကျေးရွာတောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် မိုးမကျမီ ပြန်လည်တူးဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး တာရိုး အရှည်သည် ပေ တစ်သောင်းကျော်ရှိကာ တာရိုးအောက်ဘက်ရှိ ပေရှစ်ထောင်ခန့်နေရာတွင် ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ရာဇဂြိုဟ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးမြင့်ကြွေက ပြောကြားခဲ့သည်။
“ဒီနှစ်နတ်မြောင်းချောင်း တာရိုးကျိုးသွားတာကြောင့် ကျနော့မှာရှိတဲ့ လယ်ဧကသုံးဆယ်မှာ တစ်ဆယ်ကျော်လောက်ပျက်စီးသွားပါတယ် ကျန်တဲ့ ဧက(၂၀) ကိုတော့ မိုးတွင်းရေကြီးရေလျှံမှာ စိုးရိမ်တာကြောင့် မစိုက်ပျိုးဖြစ်ပါဘူး၊ အရင်နှစ်ကလည်း ရှစ်ဧကကျော်လောက်ပဲ စိုက်ခဲ့တာ ရှစ်ဧကလုံး ပျက်စီးမှုနဲ့ကြုံခဲ့ရပြီးပြီ” ဟု ဒေသခံလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးဆန္ဒက အခုလို ပြောကြားထားပါသည်။
အဆိုပါ နတ်မြောင်းချောင်းသည် တောင်ကျချောင်းရေဖြစ်ပြီး မိုးရာသီကာလတွင် ရေစီးသန်မှု ကြောင့် ယခင်နှစ်များကလည်း တာရိုးကျိုး ပေါက်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)