ပခုက္ကူ ဩဂုတ် ၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာ ရေး နှစ်တွင် ပခုက္ကူမြို့နယ်ကျေးရွာ (၁၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းနှင့် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့က အမှာစကားပြောကြပြီး ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေဒေသများတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်လိုသူများအတွက် အရင်းအနှီးရရှိပြီး ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ပခုက္ကူမြို့နယ် ကျေးရွာ (၁၃)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကင်မွန်းခါး၊ ညောင်ပင်၊ မြင်းကျွန်း၊ သံဘို၊ ရေမျက်၊ ချိုက်၊ ဇီးကုန်း၊အောင်သာ၊ ဖလံအို၊ ဖောင်းကွဲစသည့် ကျေးရွာများတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)စီနှင့် ကန်ကြီးစု၊သရက်ပင်စု၊ စီကောင်းကျေးရွာများအတွက် ရန်ပုံငွေ ကျပ်သိန်း (၂၀၀)စီဖြင့် စုစုပေါင်း ကျေးရွာ(၁၃) ရွာ စီမံကိန်းကော်မတီများထံ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး စီမံကိန်းစတင်ဆောင်ရွက်သည့် ပထမနှစ်တွင် အတိုးနှုန်း အား ငွေကျပ်သိန်း(၁၀၀)အတွက် တစ်လလျှင် ပြားငါးဆယ် နှုန်းသတ်မှတ်ထားကာ ဒုတိယနှစ်မှစတင်၍ အတိုးနှုန်းအား ငွေကျပ် သိန်း(၁၀၀)အတွက် တစ်လလျှင် ပြားငါးဆယ်မှတစ်ကျပ်ပြားငါးဆယ်အတွင်း ကျေးရွာ သဘော တူညီချက်ဖြင့် သတ်မှတ်နိုင်ကြောင်း၊ ရရှိလာသောအတိုးငွေများကို ကျေးရွာပြည်သူလူထု၏သဘောတူညီချက်ဖြင့် သုံးလတစ်ကြိမ် (သို့)ခြောက် လတစ်ကြိမ် ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး