ယင်းမာပင်မြို့နယ်တွင် တောင်သူပညာပေးကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ယင်းမာပင် ဩဂုတ် ၆

ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP  အစီအစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လက်လှုပ်ကျေးရွာအုပ်စု မြို့ပေါ်ကျေးရွာ တောင်သူ ဦးကျော်ရင် ကွင်းအမှတ် ၈၆၂ (ဂ) ကွင်း မိုးစပါးဧရာမင်း စိုက်ကွက်တွင် ပြုလုပ်ကြောင်း သိရသည်။

စပါးကို ဗန်းဖြင့် စနစ်တကျပျိုးထောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုး သရုပ်ပြရခြင်းမှာ ပျိုးထောင် ရာ၌လည်း မျိုးစေ့ ထက်ဝက်နီးပါးခန့်သက်သာသည့်အပြင် စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာသောကြောင့် တောင်သူများ စိတ်ပါဝင်စားပြီး စက်မှုလယ်ယာစနစ်ကို ကူးပြောင်းစိုက်ပျိုးခြင်းဖြင့် သီးနှံအရည်အသွေးမြင့်မားစေရေး ရည်ရွယ်၍ တောင်သူ ပညာပေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးရာတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှု လယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးတင်မိုးက တောင်သူများအနေဖြင့် ရာသီဥတု ပြောင်းလဲလာခြင်း၊ စိုက်ပျိုးရေး လုပ်ငန်း များတွင် လုပ်ကိုင်သည့်လုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရန်မှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရပါတယ်။ ဒီအခက်အခဲများကို ကျော်လွှာနိုင်ရေးအတွက် တောင်သူများအနေဖြင့် ယခုလို လယ်ယာသုံး စက်ကိရိယာများ အသုံးပြုစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးစရိတ်များသက်သာလာပြီး သီးနှံများ အချိန်မီ စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများကို အသုံးပြု ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

"ကျွန်တော်တို့ တောင်သူများအနေနဲ့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်စိုက်စရိတ် သက်သာတဲ့အပြင် ကောက်စိုက်သမား ငှားရမ်းဆောင်ရွက်မှုများ၊ ပျိုးနုတ်ငှားရမ်း ဆောင်ရွက်ရမှုများ အဆင်ပြေစွာ ဆောင်ရွက်လာနိုင်ပါတယ်။ ကျွန်တော်တို့ရွာက ဒီနှစ်မှာ ကျွန်တော်က ပထမဆုံးစပြီး ကောက်စိုက်စက်နဲ့ စတင်စိုက်ပျိုး တာဖြစ်ပြီး စပါးထွက်နှုန်းပါ အဆင်ပြေရင်နောက်နှစ်တွေမှာ ရွာကလူတွေကလည်း ကောက်စိုက်စက်နဲ့ ငှားရမ်းစိုက်ပျိုးကြမှာဖြစ်ပါတယ်"ဟု တောင်သူ ဦးကျော်ရင်က ပြောပြသည်။

အဆိုပါ တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့  လက်လှုပ်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ တောင်သူများက လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)