သထုံ မတ် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူများအား Facility Quarantine ကြပ်မတ်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က Facility Quarantine ဆောင်ရွက်ရာ၌ စနစ်တကျရှိရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရေး အမှာစကားပြောကြားပြီး သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံမဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ မဲဆန္ဒနယ်မြေအမှတ်(၂)ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က ပြည်နယ်အစိုးရအဖွဲ့၏ Facility Quarantine ဆောင်ရွက်ရေး ထုတ်ပြန်ကြေငြာချက်ပါ အချက်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်သည့် Facility Quarantine Centre များ ပြင်ဆင်ခြင်း လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် သထုံမြို့နယ်အတွင်း ပြည်ပမှပြန်လာသူများစာရင်း စနစ်တကျပြုစုရေး၊ သတ်မှတ်သည့် Facility Quarantine Centre များကို ရောက်ရှိအောင် ကြပ်မတ်ရေး၊ ရောက်ရှိလာသူများအတွက် ကျန်းမာရေးနှင့် စားသောက်နေထိုင်မှုများ အဆင်ပြေအောင် ဆောင်ရွက်နိုင်ရေးစသည်တို့ကို ဆွေးနွေးရာ တက်ရောက်လာကြသည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရပ်ရွာအလိုက် ပြည်ပမှ ပြန်ရောက်လာသူများအခြေအနေနှင့် Facility Quarantine Centre ဆောင်ရွက်နိုင်မည့် နေရာများတို့ကို ရွေးချယ်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)