ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာတွင် "ဘဝရှေ့ဆောင်အလင်းရောင် " စာကြည့်တိုက်ဖွင့်လှစ်

ယင်းမာပင် ဖေဖော်ဝါရီ  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် သက္ကပြုကျေးရွာ အောင်သာဇေယျုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းတွင် ကျေးရွာပြည်သူများ စာပေဗဟုသုတများဖတ်ရှု လေ့လာ နိုင်စေရန်အတွက် ကျောင်းတိုင်ဆရာတော် ဦးစီးဦးဆောင်မှုဖြင့် ကျေးရွာပြည်သူများ စုပေါင်း၍ "ဘဝရှေ့ဆောင်အလင်းရောင်" စာကြည့်တိုက်ဖွင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက် အဆောက်အဦဆိုင်းဘုတ်အား သက္ကပြုကျေးရွာ အောင်သာဇေယျုံ ကျောင်းတိုက်ဆရာတော် အရှင်အဂ္ဂဝံသ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဌေးတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားအား ဆက်လက်ကျင်းပရာ သက္ကပြုကျေးရွာ အောင်သာဇေယျုံ ကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဝံသက အဖွင့်ဩဝါဒစကား မိန့်ကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဌေးက ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ယင်းမာပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) ဥက္ကဋ္ဌ ဦးကျော်ဌေး (ပညာရေး-ငြိမ်း)နှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးသန်းစိန်(ပညာရေး-ငြိမ်း)တို့က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားကာ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ကျေးရွာ စာကြည်တိုက်များ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာပြည်သူများ စာပေဗဟုသုတများ ရရှိစေနိုင်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဌေးက သုတ၊ ရသ စာအုပ်များနှင့် ဂျာနယ်စာဆောင်များကို ပေးအပ်ရာ စာကြည့်တိုက်နာယကဆရာတော် အရှင်အဂ္ဂဝံသမှ  လက်ခံရယူပြီး စာကြည့်တိုက် အတွက် ပလပ်စတစ် ထိုင်ခုံ (၅) လုံးကို မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက လှူဒါန်းပေးအပ်ရာ စာကြည့် တိုက်မှု က လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)