နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်

ပုလဲ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ အနေဖြင့် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ဆောင်ရွက်ပေးလျက်ရှိ

ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်ဦးက “ယခုနှစ်နွေရာသီမှာ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်လာတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက ဆက်သွယ်၍ အကူအညီတောင်းခံလာခဲ့ရင် အချိန်နဲ့တစ်ပြေးညီ သောက်သုံးရေများ ပို့ဆောင် နိုင်ဖို့အတွက် ရေဘူးကြီးတွေကို ကြိုတင်၍ စီမံဆောင်ရွက် ထားရှိပြီးဖြစ်သလို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များရဲ့ ပေါင်းစပ်ကူညီမှုများနဲ့လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့်လည်း လက်တောင်းကြီးကျေးရွာ၊ သင်တီးကန် (အရှေ့) ကျေးရွာ၊ အောက်ကျင်းကျေးရွာနဲ့ လဲကန် ကျေးရွာတွေမှာ စက်ရေတွင်း တူးဖော်ခြင်းနဲ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိပါတယ်" ဟု ပြောသည်။

အကူအညီတောင်းခံနိုင်

ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ် စေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း၍ ရေအရင်းအမြစ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် သတိပြုရမည့် အချက်အလက်များ၊ စက် ရေတွင်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း နည်းစနစ်များနှင့် စိမ့်စမ်းရေများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းခြင်းနည်းစနစ်များ ပညာပေးဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် နွေရသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ် စေရန် ကြိုတင်ကာကွယ် နိုင်ရေး လိုက်နာရမည့် အချက်အလက်များနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများပါရှိသည့် ပညာပေးလက်ကမ်းစာစောင်များကို ရပ်ကွက်/ ကျေးရွာများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် သောက်သုံးရေ ရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ် လာပါက ပုလဲမြို့နယ်ကျေးလက်သဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဖုန်း ၀၇၁-၃၅၀၉၆ နှင့် ၀၉-၄၄၄၆၈၁၅၆၉ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မင်းခန့်စိုး (ဇေယျာမြေ)