ပုလဲ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက “ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ နှုန်းစီဖြင့် သာယာကုန်း၊ ညောင်ကန်၊ သပြေလှ၊ ပြင်လှိုင်း၊ ထန်း တောတိုက်၊ ညောင်ရင်းကုန်း၊ နှောပင်ပြန့်၊ အုန်းမွှန်းတော၊ ကျွဲကျ၊လှိုင်း၊ ပေါက်ပင်ချောက်၊ ငန်းချောင်း၊ ကသောင်း၊ ခရု၊ ခင်သာ၊ ကံပေါက် (အထက်)၊ သံတောင်ကျေးရွာနှင့် ကျောက်ဆင် ထူးကျေးရွာများမှာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအဆင့် လုပ်ငန်းကြီးကြပ် မှု ကော်မတီဝင်များ ရွေးချယ်ခြင်းလုပ်ငန်းကို ဇန်နဝါရီလအတွင်းက ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများရဲ့ ဆန္ဒ သဘောထားများနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ကျေးရွာအဆင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအား သင်တန်းပေးခြင်းနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်၍ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ သည်။
ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ် ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲနိုင်ရန်၊ ကျေးရွာ၏ ဦးစားပေး စီမံချက်များ အပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက် များကို မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ရည်ရွယ် ချက်များဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)