ပဲခူး ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဥပဒေနှင့်အညီသာ ဝင်ရောက်ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ စတင်ကြေညာသည့် အချိန်မှစ၍ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဒီမိုကရေစီလမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရေးပေါ်ကာလ တစ်နှစ်အတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက်တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောက်လုပ်ဆဲလုပ်ငန်းများ လုပ်ဆောင်နေသည်များရှိပြီး ဆက်လက်၍ စည်းကမ်းနှင့်အညီသာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင် ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)