ကန့်ဘလူမျိုးသန့်ခြံမှ မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ပြီး ဒေသခံတောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

ကန့်ဘလူ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့ရှိကန့်ဘလူမျိုးသန့်ခြံ ၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဆောင်းသီးနှံများ ရိတ်သိမ်းခြွေလေ့ သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပဲစင်း ငုံ(မုံရွာရွှေဒင်္ဂါး)၊ နှမ်း(ဆင်းရတနာ၁၄)၊ နေကြာ(ရေဆင်း-၁) နှင့် မတ်ပဲ (T.B.L.g)သီးနှံများ မျိုးဖြန့်ဖြူးနိုင်မည့် သီးနှံ အထွက်တင်းများကို လာမည့်မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မျိုးသန့်မျိုးပွားမျိုးစေ့များအဖြစ် ဒေသတွင်းတောင်သူများအား သင့်တင့်သောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မျိုးများဖြန့်ဖြူးနိုင်ရန်အတွက် အထက်မြန်မာ ပြည်မျိုးစေ့ဓာတ်ခွဲခန်းသို့ မျိုးစေ့နမူနာများပေးပို့၍ မျိုးစေ့အရည်အချင်းစစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။ ဓာတ်ခွဲခန်းမှ မျိုးစေ့အရည်အသွေးထောက်ခံချက်ရရှိလျှင် ဒေသခံတောင်သူများအား မျိုးစေ့အဖြစ် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း မျိုးသန့်ခြံ တာဝန်ခံဦးစီးအရာရှိ ဦးခင်မောင်လင်းက ပြောသည်။

ကန့်ဘလူမျိုးသန့်ခြံတွင် ပဲစင်းငုံ (မုံရွာရွှေဒင်္ဂါး) ၅၉ ဧက၊ နှမ်း(ဆင်းရတနာ-၁၄) ဧက ၄၀၊ နေကြာ(ရေဆင်း-၁) ဧက ၂၀ နှင့် မတ်ပဲ(T. B. L.g) ၃၅ ဧက စုစုပေါင်း မျိုးသန့် မျိုးပွားမျိုးစေ့ထုတ် ၁၅၄ ဧက စိုက်ပျိုးခဲ့ရာ စုစုပေါင်း တင်း ၅၀၀ ကျော်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်မျိုးစေ့ များကို ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန် ကန့်ဘလူမျိုးသန့် ခြံမှ နှစ်စဉ်စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဆောင် ရွက်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)တိုးတက်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးပညာပေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ စီးပွားရေးတွက်ခြေကိုက်၍ ဈေးကွက်ဝင်သောသီးနှံများ ပိုမိုစိုက်ပျိုးလာစေရန်၊ ပြောင်းလဲလာသော ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ်များကျင့်သုံးရန်၊ ဓာတုဗေဒပစ္စည်း များဖြစ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုလျှော့ချရေးနှင့် သဘာဝမြေသြဇာများကို ပိုမိုသုံးစွဲ၍ဘေးအန္တရာယ်ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန် တောင်သူများအား စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)