ဘုတလင် ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့က စိုက်ပျိုးမြေများ၏ မြေဆီလွှာစွမ်းအား မြှင့်တင်ပေးနိုင်ရန် အတွက် ၂၀၂၀ ပြည့်နှစ်အတွင်းက တောင်သူများအား သဘာဝမြေဩဇာ EM ဘိုကာရှီမြေဆွေး တန် (၆၀) ကျော်ကို ကွင်းဆင်းပြုလုပ် ပေးနိုင်ခဲ့ကြောင်း မြို့နယ်တောင်သူ လယ်သမားအစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရသည်။
မြို့နယ် တောင်သူလယ်သမားအစုအဖွဲ့က ၂၀၂၀ ပြည့်နှစ်အတွင်း ကျေးရွာ (၁၁) ရွာမှ တောင်သူ (၁၁) ဦးအတွက် စိုက်ပျိုးမြေဧက (၆၁) ဧက တွင် အသုံးပြုနိုင်သည့် EM ဘိုကာရှီမြေဆွေး မက်ထရစ်တန်(၆၁) တန်ကို ကွင်းဆင်းပြုလုပ်ပေးနိုင်ခဲ့သည်။
“EM ဘိုကာရှီမြေဆွေးက မြေဆီလွှာစွမ်းဆောင်ရည်ကို တစ်နှစ်ထက် တစ်နှစ် တိုးလာစေပြီး သီးနှံ တွေကို သဘာဝဘေးဒဏ် ဖြစ်တဲ့ ပိုးမွှား ရောဂါဘေး၊ မိုးခေါင်တဲ့ ဘေးတွေကိုလည်း ခံနိုင်ရည် ရှိစေပါတယ်။ EM ဘိုကာရှီမြေဆွေးကို အသုံးပြုတဲ့အတွက် ဓာတုဆေးဝါးတွေကိုလည်း လျော့ချ နိုင်ပါတယ်။ ဒါ့ကြောင့် မြို့နယ်အတွင်းက တောင်သူတွေ EM ဘိုကာရှီမြေဆွေးကို အသုံးပြု စိုက်ပျိုးနိုင်ဖို့အတွက် အစုအဖွဲ့ဝင် တွေက ကျေးရွာ၊ ယာခင်းအရောက် ကွင်းဆင်း ဆောင်ရွက် ပေးနေပါတယ်”ဟု မြို့နယ်တောင်သူလယ်သမား အစုအဖွဲ့ဥက္ကဌ ဦးမြင့်နိုင်က ပြောသည်။
EM ဘိုကာရှီမြေဆွေးကို နွားချေး၊ ဖွဲနု၊ အသင့်သုံး EM(အကျိုးပြုအဏုဇီဝပိုးမွှားရည်)၊ တင်လဲရည်၊ နှမ်းရိုး၊ ဆန်ကွဲ၊ စက်ဖွဲပြာ၊ နှမ်းဖတ်တို့ကို ရေအစိုဓာတ် (၄၀) ရာခိုင်နှုန်း အသုံးပြုကာ အလျား (၁၈) ပေ၊ အနံ (၆) ပေနှင့် အမြင့်(၃)ပေရှိ မြေဆွေးပုံများကို ပြုလုပ်အသုံးပြုကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)