စစ်တွေ မတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းစိုးဦးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာသို့ ငွေကျပ်သိန်း(၁၀၀)စီကိုပေးအပ်ရာ ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်ရေး ကော်မတီဝင်များက လက်ခံရယူကြသည်။
စစ်တွေမြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၃၀)ကို ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၃)ရွာအား နိုင်ငံတော်မှထောက်ပံ့ငွေကျပ် သိန်း(၁၃၀၀)ကို ခွဲဝေချထား ပြီးဖြစ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက သက်ဆိုင် ရာကျေးရွာများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)