ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဖာပွန် မတ် ၇ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး တစ်ပုလင်းလျှင် (၁၀)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ဖာပွန်မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင် ဆရာလေးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖာပွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ဖာပွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးတို့က လာရောက်ကြည့်ရှုခဲ့ပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် လေးပတ်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)