ရန်ကုန် သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် အမှတ်(၅၉)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ မြို့လယ်ကောင် နာရီစင်အဝိုင်းတွင် ၂၀၂၀ ခုနှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်နှင့် ပတ်သက်ပြီး ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်သူများကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအုန်းလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၅၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည်ခရီးသွား မိဘပြည်သူများနှင့် ယာဉ်မောင်းနှင် သူ များအား ၂၀၂၀ ခုနှစ်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတားမြစ်ချက်နှင့် ပြစ်ဒဏ်များ ပါဝင်သော အသိပညာပေး လက်ကမ်း စာစောင်(၁၀၀၀) ဖြန့်ဝေပေးခြင်းနှင့် ယာဉ်မောင်းနှင်သူများအား ပညာပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေသစ်တွင် အနိမ့်ဆုံဒဏ်ငွေ ၃၀၀၀၀ ကျပ်မှအမြင့်ဆုံး ဒဏ်ငွေ ၁၅ သိန်းထိနှင့် အနိမ့်ဆုံးထောင်ဒဏ် တစ်လမှ အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ပြဌာန်းထားကြောင်း၊ ၂၀၂၀ ခုနှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်ဖြင့် ဇွန်လနှင့် ဇူလိုင်လအထိ စည်းကမ်း မလိုက်နာသော မော်တော်ယာဉ် ၅၀ စီး နှင့် ဆိုင်ကယ်အစီး ၁၀၀ တို့ကို မြို့နယ်တရားရုံးသို့ ပို့ဆောင် ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅၉) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်အောင်က ပြောကြားခဲ့သည်။
နိုင်လင်းကျော်(ဒလ)