ပြည် ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၈၃၄) စုအတွက် နိုင်ငံတော်မှထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်းစီကို တာဝန်ရှိသူ များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ် ၅ ရက်က စတင်၍ အိမ်ထောင်စုဝင်များထံလက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
ခေတ္တရာရပ်ကွက်တွင် ယခုပေးအပ်ခြင်းသည် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ပေးအပ်ရာတွင် ရပ်ကွက်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၄၉) စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်ပဲ စသည့် အခြေခံ စားသောက်ကုန် (၅)မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် ကျန်ရှိ အိမ်ထောင်စု (၄၈၅)စု အတွက် ငွေကျပ် (၁၅၀၀၀/-) နှုန်းစီဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု တတိယ အကြိမ်တွင် ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၁၈၃၄)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်း (၂၀၀၀၀/-) နှုန်းစီ ပေးအပ်ခြင်း ဖြစ်ကြောင်း ခေတ္တရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်လွင်က ပြောသည်။
ပြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စုရှိပြီး ယင်းအနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား စုစုပေါင်း အိမ်ထောင်စုမှာ (၃၂၃၃၆) စုရှိကြောင်း၊ ယင်းအခြေခံ လူတန်းစား အိမ်ထောင်စု အားလုံး ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေ များအား လက်ဝယ်အရောက် စနစ်တကျ ပေးအပ် လျက် ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)