တမူး သြဂုတ် ၇
တမူးမြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တမူးမြို့ဝင် နန်းမြင့်ဟန် တံတားအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကြည်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ တမူးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးသိန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီများ၊ စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရာအိမ်မှူးများ ပူးပေါင်းပြီး ယာဉ်မောင်းသူများ၊ ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူများအား သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီးဦး ထုတ်ဆောင်း၍ မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်၊ ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ကြရန်၊ ပါဝါအိတ်ဇောနှင့် ဆူညံအိတ်ဇောများ တပ်ဆင်ပြီး မောင်းနှင်ခြင်း မပြုရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၂၀၂၀ပြည့်နှစ်ယာဉ် အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သလို ဖမ်းဆီးအရေးယူခြင်းများ အပတ်စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁၁၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရဲအုပ်ကြည်စိုးထံမှသိရှိရသည်။
ကျော်သူရ(တမူး)