မင်းဘူး(စကု)မြို့နယ်တွင် လတ်တလော မိုးရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန်ကြီးထွားလာ

မင်းဘူး  ဩဂုတ်  ၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။

အဆိုပါ နှံစားပြောင်း စိုက်ခင်းများကို ဇွန်လ ၂၀ ရက်တွင် စတင်စိုက်ပျိုးပြီး၊ အစိုဓာတ်အနည်းငယ်ရှိ၍ အပင်များ ပေါက်လာသော်လည်း မိုးရွာသွန်းမှုမရှိဘဲ ပူပြင်းသော ရာသီဥတုကြောင့် ဝါကျင့်ကျင့်ဖြင့် အပင်အားမကောင်းဘဲ အခုရက်ပိုင်း မိုးဖြိုင်ဖြိုင် ရွာသွန်းလာပါမှ အရွက်များ စိမ်းစိုလန်းဆန်းကာ ဖွံ့ဖြိုး၍ အပင်အား ကောင်းလာတော့သည်။ ကိုဗစ်-၁၉ မဖြစ်ခင်က နှံစားပြောင်း (၁) တင်းလျှင် ၁၀၀၀၀ ကျပ် ဈေးရသော်လည်း၊ အခုနောက်ပိုင်း ကိုဗစ်-၁၉ ကာလတွင် ဈေးနှုန်းများ ကျဆင်းသွားသဖြင့်၊ နှံစားပြောင်း စိုက် တောင်သူ နည်းပါးသွားကြောင်း သိရသည်။

" ဒီနှစ်မှာတော့ တောင်သူတွေ အနေနဲ့ သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း၊ ကျွန်တော်တို့အတွက် တွက်ခြေ ကိုက်မယ်ထင်တဲ့ သီးနှံတွေကတော့ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အထွက်နှုန်း ကောင်းဖို့နဲ့ ဈေးကောင်းကောင်းရဖို့ မျှော်လင့်နေပါတယ်။ ကိုဗစ်-၁၉ ကာလ အထိုက်အလျှောက် လျှော့ကျသွားပြီး၊ မိုးလည်း မှန်မယ်ဆိုလျှင်တော့ တောင်သူတွေ အနေနဲ့ အဆင်ပြေကြမှာပါ။ ယခု လတ်တလော ရွာသွန်းသော မိုးများကြောင့် မန်းကျိုးအုပ်စုရှိ တောင်သူများ မိုးသီးနှံ ယာဧက ၃၀၀ ကျော် စိုက်ပျိုးရပါတယ် '' ဟု မန်းကျိုးအုပ်စု မိုးသီးနှံစိုက်တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။

ဇေယျာထက် (မင်းဘူး)