ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက် နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထား ကြေညာ ရာတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် လိုအပ်သော ကိစ္စရပ်များတွင် ပံ့ပိုးကူညီနိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ အဖွဲ့ခွဲကာ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင် များသည် ဝက်ကိုက်ကျေးရွာ၊ ကရင်ချောင်ကျေးရွာ၊ ကံလျားရှည် ကျေးရွာ၊ လက်ခုပ်ကုန်း ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ကြခတ်ကုန်းလေးကျေးရွာ၊ မယ်ရပ်ကုန်းကျေးရွာနှင့် ဒရယ်လူး ကျေးရွာ များသို့ သွားရောက်၍ မဲစာရင်းများ ကပ်ထားကြေညာရာတွင် စနစ်တကျ ရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင် များနှင့် တွေ့ဆုံကာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးရန်၊ မိမိအမည်ပါဝင်သော်လည်း အချက်အလက် များ လွဲမှားနေပါက ပြင်ဆင်ရန်၊ မပါဝင်ထိုက်သူများ ပါဝင်နေပါက ကန့်ကွက်ရန် သတ်မှတ်ပုံစံများကို ကျေးရွာကော်မရှင် အဖွဲ့ခွဲတွင် အခမဲ့ရယူဖြည့်စွက်၍ တင်ပြရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စု၊ ကျေးရွာခွဲပေါင်း (၁၃၅)ရွာတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း (၁၈၀)ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)