မဟာသင်္ကြန်အတက်နေ့၌ ဘားအံမြို့ပတ်ဝန်းကျင် အထင်ကရနေရာများနှင့် ဂူဘုရားများတွင် ကုသိုလ်ပြုသူများ၊ ရေကစားသူများဖြင့် စည်ကား

ဘားအံ ဧပြီ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့၏ ပတ်ဝန်းကျင်ဒေသ အထင်ကရနေရာများ၊ ဂူဘုရားများ၌ သင်္ကြန်ပွဲတော်ရက်များအတွင်း ရေကစားသူများ၊ ကုသိုလ်ပြုကြသူများ၊ လာရောက်လည်ပတ် သူများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့ မဟာသင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ပိုမိုစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းရာတွင် နှစ်ဟောင်းမှအညစ်အကြေးများ၊ ကံမကောင်းခြင်းများ၊ အဆိုးအညံ့များ နှစ်သစ်သို့ပါမလာစေဘဲ အတာရေအေးဖြင့် ပက်ဖျန်းဆေးကြောပြီး ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း အစရှိသည့် အဓိပ္ပာယ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကျင်းပလျက်ရှိရာ ဘားအံမြို့၏ ပတ်ဝန်းကျင် ဒေသများ ဖြစ်သော တောင်ဝိုင်းတောင်၊ ကော့ကသောင်ဂူ၊ ဆဒ္ဒန်လိုဏ်ဂူ၊ ရေတံခွန်ရေလှောင်ကန်၊ ကြောင့်ကမ်လာဘ်၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူတို့တွင် ဘားအံမြို့နှင့်ရပ်ကွက်ကျေးရွာများမှ မော်တော်ဆိုင်ကယ်၊ မော်တော် ယာဉ်များဖြင့် ရေပက်ခံထွက် လာရောက်လည်ပတ်ရေကစားကြသူများ၊ စတုဒိသာကျွေးမွေး အလှူဒါနပြုကြသူများ၊ ဂူဘုရားများအတွင်းရှိ စေတီ၊ ဘုရား၊ ပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များ၌ ကောင်းမှုကုသိုလ်ပြုကြသူများ၊ နေရာတစ်ချို့တွင် မြန်မာရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ထည့်သွင်းကျင်းပခြင်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်၍ လာရောက်ရောင်ချကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါနေရာများတွင် ရေပက်၊ ရေကစားကြသူများ စည်ကားလျက်ရှိသည့်အတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ယူထားသူများက သက်ဆိုင်ရာ နေရာအလိုက် တာဝန်ယူဆောင်ရွက်ပေးလျက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)