စစ်တွေမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာရေကစားသူများဖြင့် စည်ကားလျက်ရှိ

စစ်တွေ ဧပြီ

စစ်တွေမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ မန်နေ့ မွန်းလွဲပိုင်းမှစ၍ ရေကစားသူများနှင့် ရေပက်ခံထွက်သွားများဖြင့် အထူးစည်ကားပြီး ပျော်ရွှင်အေးချမ်းစွာ ရေကစား လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့တွင် စစ်တွေမြို့၌ ရေပက်ခံထွက်သူများ၊ ရေကစားကြသူများ၊ မိမိတို့နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်(ရေအုန်းလက်)များ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ကာ ရေကစားကြသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

သင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပက်ခံထွက်လာသည့် စစ်တွေမြို့ ဘောလုံး ကွင်းရပ်ကွက်က ကိုအောင်ကြည်မိုးကကျနော်တို့စစ်တွေမြို့မှာ ဒီနှစ်သင်္ကြန်ပွဲက အထူးစည်ကားတာကို တွေ့ရပါတယ်၊ ဒီနေ့က သင်္ကြန် အတက်နေ့ဆိုတော့ ပိုပြီးတော့ စည်ကားတာကို တွေ့ရပါတယ်၊ နောက်ပြီးတော့ စိတ်ချမ်းသာစရာ တစ်ခုကောင်းတာက ရေကစားတဲ့သူတွေရော ရေပက်ခံထွက်ကြတဲ့ သူတွေရော ယဉ်ကျေးစွာရေကစားကြတယ်၊ ခိုက်ရန်ဖြစ်ပွားတာ မတွေ့ရ မကြားရဘူး၊ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြနဲ့ ပျော်ရွှင်စွာ ရေကစားကြတာတွေ့ရတော့ ကျနော်တို့လို့ မိသားစုနဲ့ လျောက်လည်ရတဲ့ သူတွေအတွက် ပိုပြီးတော့ စိတ်ချမ်းသာတာပေါ့၊ မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန် ပွဲတော်ကို အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရတာဟာလည်း ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်၊ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကျနော်တို့ ရခိုင်သူ၊ ရခိုင်သားများ စိတ်သစ်၊ ကိုယ်သစ်၊ ဘဝသစ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဟု ပြောသည်။

ယနေ့တွင် စစ်တွေမြို့ လမ်းမကြီး၊ မင်းဗာကြီးလမ်းနှင့် မေယုလမ်းတို့မှာ မဟာသင်္ကြန် အကျနေ့ထက် အထူးစည်ကား လျက်ရှိပြီး စစ်တွေမြို့ရှုခင်းသာလမ်း၊ စစ်တွေဟိုတယ် ကမ်းခြေတို့တွင် ရေကစားသူများ၊ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက် အသီးသီးတွင်လည်း ရိုးရာရေကစားမဏ္ဍပ်ငယ်များ ဆောက်လုပ်ကာ အေးချမ်းစွာ ရေပက် ကစားလျက်ရှိကြပြီး စစ်တွေမြို့တွင် မဟာသင်္ကြန် အတက်နေ့၌ အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)