တွံတေး ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက် ရင်ပြင်တော်၌ (၄၅၆)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကို ယနေ့ ( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီက ကျင်းပခဲ့သည်။
သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၅ နာရီမှစတင်ကာ လုပ်အားဒါနပြုသူများက သဲများသယ်ဆောင်ပြီး ရှမ်းလေးရွာဖြစ်သည့် ရှမ်းစုကြီး၊ ညောင်တံခါး၊ မူးလမန်းရွာ၊ ငါးခုမ်းမစမ်းကျေးရွာများက ဦးဆောင်ကာ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ခဲ့ကြသည်။ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲကို အဆိုပါရှမ်းလေးရွာက နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင်း ငါးခုမ်းမစမ်းကျေးရွာက ရာဇမတ်၊ ညောင်တံခါးကျေးရွာက ဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ ရှမ်းစုကြီးကျေးရွာက ခေါင်းလောင်းနှင့် ကြာမှောက်ကြာလန်ငှက်ပျောဖူး၊ မူးလမန်းကျေးရွာက ထီးတော်တို့ကိုပြုလုပ်၍ စေတီတည်ထားကြောင်းနှင့် စေတီ၏ အစိတ်အပိုင်းများကို ကျေးရွာများက နှစ်စဉ်အလှည့်ကျဆောင်ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းလေးရွာ၏ ရိုးရာမပျက် နှစ်ဦးသဲပုံစေတီပူဇော်ပွဲသည် (၄၅၆) ကြိမ်ရှိပြီဖြစ်ကာ ရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့လူငယ်များက ဆက်လက်ဆောင်ရွက်နေကြောင်း၊ သဲပုံစေတီတော်၏ အတိုင်းအတာများကို ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ (တွံတေး) က သတ်မှတ်ပေးထားသည့်အတိုင်း ရှမ်းလေးရွာက ပြုလုပ်ရကြောင်း၊ သဲပုံစေတီ၏ ဉာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရွှေဆံတော်စေတီခြေတော်ရင်း၌ ရှမ်းဓမ္မာရုံကို တည်ဆောက်ထားကာ ရှမ်းရိုးရာစာပေ၊ ယဉ်ကျေးမှုဓလေ့စရိုက်များ မပပျောက်စေရေးအတွက် နောင်လာနောက်သားများအား ရှမ်းစာပေများ သင်ကြားပေးနေပြီဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲကျင်းပရေး တာဝန်ရှိသူ ဦးဘဝင်းထံမှ သိရသည်။
မျိုးလှိုင် (တွံတေး)