မင်္ဂလာဒုံ သြဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ကို ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၂)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍ (၁၄)ရက် ကြာ ကြေညာကပ်ထားလျက်ရှိပြီး မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများကိုလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့် ဦးဆောင်သော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုမှု အခြေအနေများအား မေးမြန်းခဲ့ကြပြီး မဲဆန္ဒရှင်များ၏ အမည်မပါရှိခြင်း၊ အချက်အလက် များ မှားယွင်းခြင်းတို့အား ပြင်ဆင်ရန်နှင့် သေဆုံးသူများ၊ မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပယ်ဖျက်ရန်တို့ကို သတ်မှတ် ထားသည့် ပုံစံများနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ ရှိမရှိတို့ကိုလည်း စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ပထမအကြိမ်မြောက် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုများကို မြို့နယ် အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ ကျား (၁၁၃၁၀၁) ဦး၊ မ(၁၄၀၅၁၆) ဦး စုစုပေါင်း (၂၅၃၆၁၇) ဦးရှိကြောင်းသိရပြီး ရပ်ကွက်/ကျေးရွာ အုပ်စု(၃၂)အုပ်စု တို့တွင် မဲရုံပေါင်း (၁၃၂)ရုံ ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)