ဇီးကုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ဇီးကုန်း ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား  တတိယအကြိမ်  ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က ကံကလေး၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ စပါယ်မျှောင်နှင့် တယ်ပင်ကန် ကျေးရွာ အုပ်စုများသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်း အမျိုးမျိုး ကြောင့် ကျန်ရှိသည့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဇီးကုန်းမြို့နယ်တွင်  အခြေခံလူတန်းစားအိမ်ထောင်စု(၁၂၂၄၅)စုကို အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ် (၂၄၄၉၀၀၀၀၀)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့များခွဲ၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ပထမအကြိမ်အဖြစ် အခြေခံစားသောက် (၅)မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် အကြောင်း အမျိုးမျိုးကြောင့် ပထမအကြိမ်တွင် ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် အိမ်ထောင်စု (၅၁၆၀)စုကို အိမ်ထောင်စု တစ်စုလျှင် (၁၅၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းကျပ် (၇၇၄၀၀၀၀၀) ကျပ်ကို လည်းကောင်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ယခု အကြိမ်သည် တတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)