ကဝ ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဇူလိုင်လ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ(၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ တွေ့ရှိပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက် အလက်မှားယွင်းနေပါက ပုံစံ၄(ဂ)ဖြင့် လည်းကောင်း အချိန်မီ ဖြည့်စွက်ပြီး ပြန်လည်လျှောက်ထားနိုင် ကြောင်း ကဝမြို့ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သိရသည်။
ထိုသို့မဲဆန္ဒစာရင်းများ ကြေညာခြင်းကို ပြည်သူများသိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံး စေရန် အတွက် ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သေးသူများကို ဒုတိယအကြိမ်တွင် ပြန်လည်ပါဝင်နိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများမှ ပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)