ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးနှင့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ကုန်နှင့်ထောက်ပံ့စရိတ်များပေးအပ်သည့်အခမ်းအနားကျင်းပ

 

ဘားအံ ဧပြီ ၂၉

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင်ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းတိုးက ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် COVID-19 Fund မှ စီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေထုတ်ပေးခဲ့မှုအပေါ် ချေးငွေစိစစ်ကြပ်မတ်ရေး အဖွဲ့(ကရင်ပြည်နယ်)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို Power Point အသုံးပြု၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက် တင်ပြရမည့်ကိစ္စရပ်တစ်ခုအား ဆွေးနွေး တင်ပြခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောတူခွင့်ပြုခဲ့ကာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မွန်းလွှဲ ၄ နာရီခန့်အချိန်ခန့်တွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ကုန်နှင့်ထောက်ပံ့စရိတ်များ ပေးအပ်သည့်အခမ်းအနားကို ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက ရပ်ရွာတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူ အေးချမ်းစွာနေနိုင်ရေးအတွက် နေ့မအားညမနား ကျရာတာဝန်ကို ထမ်းဆောင်ပေးခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခု ထက်မက ပိုမိုထောက်ပံ့ပေးချင်ပါကြောင်း၊ လိုအပ်သည့် စားသောက်ကုန်များ စရိတ်စကများကို ထောက်ပံပေးသွားမှာဖြစ်ပြီး ဘားအံမြို့နယ်သာမက အခြားမြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သည်များနှင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း ဝိုင်းဝန်းကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အချိန်ပြည့်တာဝန်ထမ်းပေးကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားအားလုံးကို ဆက်က်လက် ပံ့ပိုးကူညီပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြံရေးတပ်ဖွဲ့ဝင်များအား စားသောက်ကုန်နှင့် စားစရိတ်များ ထောက်ပံ့ပေးအပ်ရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ယနေ့ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ ငွေကျပ် ၂၃၃၄၅၀၀ (နှစ်ဆယ့်သုံးသိန်းသုံးသောင်းလေးထောင်ငါးရာ)တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများနှင့်စားစရိတ်များ ထောက်ပံ့ ပေးခဲ့ပြီး ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် Thein Oo Co.,ltd မှ ငွေကျပ်သိန်း(၇၀)တန်ဖိုးရှိ စားသောက်ကုန် များအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)