မင်းလှ မေ ၃
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ မင်းလှမြို့နယ်အတွင်းရှိ အ.မ.က(ခွဲ) အပါအဝင် ထက်၊ လယ်၊ မူ (၁၅၅) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင် ရေးအတွက် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခန်းများ ပြင်ဆင်ခြင်း၊ လက်ဆေးကန်များ ပြင်ဆင်ခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းဖွင့်လှစ်ခြင်းများကို ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ ပြန်/ဆက်