ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံ ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လစဉ်မွေးကင်းစမှအသက် (၁)နှစ်ခွဲ အထိ ကလေးငယ်များ အား အသက်အရွယ်အလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ကြီးထွားဖွံ့ဖြိုးရောဂါ ကင်းဝေးစေရန်  အသက်အပိုင်းအခြားအလိုက် (၅)မျိုးစပ် ကာကွယ်ဆေးများ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီး ကလေး တစ်ဦးချင်း အလိုက် လက်မောင်းပတ်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး မိခင်များအတွက်လည်း ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။ ပုံမှန်ကာကွယ်ဆေးလာရောက် ထိုးနှံရာ တွင် မိဘများ နှာခေါင်းစည်း တပ်ဆင်ခြင်း အသိပညာပေးခြင်းအပြင် တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာမှ လူစုလူ ဝေးမဖြစ်ပေါ် စေရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)