စစ်တွေ မေ ၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် လက်အောက်ခံ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းအကောင်အထည် ဖော်နိုင်မှု အခြေအနေများကို သိရှိနိုင်ရန်နှင့် တွေ့ကြုံနေရသည့် အခက်အခဲ များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနည်းပါးလာပြီး ဝန်ထမ်းများလည်း ကျန်းကျန်း မာမာတွေ့ရှိရသည့်အတွက် ဝမ်းသာပါ ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန သည် နှစ်စဉ်နှစ်စဉ် စီမံကိန်းဥပဒေ၊ ဘဏ္ဍာငွေအရ အသုံးဥပဒေ၊ အခွန်အကောက်ဥပဒေတို့ကို ရေးဆွဲရသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနအားလုံးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးအတွက် အကျုံးဝင်သည့် စီမံကိန်းများ၊ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာများ၊ အခွန်အကောက်များကို ကွပ်ကဲကြပ်မတ်ဆောင်ရွက် ရသည့်အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ဆောင်ရွက်နေရပါကြောင်း၊ ရငွေများရှာဖွေရမည့် အခွန် ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့နှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများက ရည်မှန်း ထားသည့် အတိုင်း ရငွေများ ပြည့်မှီအောင် ရှာဖွေပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ အခက်အခဲ အကျပ် အတည်းများ ရှိသော်လည်း အတတ်နိုင်ဆုံး လျာထားချက် ပြည့်မှီရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုးဆော်ကြပ်မတ်မှုများ ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ သုံးငွေများကိုလည်း ထိန်းထိန်းသိမ်းသိမ်းဖြင့် သုံးစွဲနိုင်အောင်၊ အကျိုးရှိရှိသုံးစွဲနိုင်အောင်၊ ကြပ်မတ်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်မဖြစ် စောင့်ကြည့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံစီးပွားရေး ထိခိုက်ခဲ့သကဲ့သို့ နိုင်ငံတော်ရငွေများလည်းထိခိုက်ပါ ကြောင်း၊ ထို့ကြောင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် မိမိဒေသမှရငွေ၊ ပြည်ထောင်စုမှ ရငွေများ ဖြင့် အသုံး စာရိတ်များကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ စီမံကိန်းများ၊ မူဝါဒများအောင်မြင်စေရန်နှင့် တစ်ဘက်တွင် ဘတ်ဂျက်လိုငွေများ မများအောင် ထိန်းသိမ်းပြီး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့၏ လုပ်ငန်းများ၊ မူလတာဝန်များ ပုံမှန်လည်ပတ်နိုင်ရန်၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေ၊ တွေ့ကြုံရသည့်အခက်အခဲ့များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား ရေးမှူး ချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်မြန်မာ့ စီးပွားရေးဘဏ်၊ ပင်စင်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း