တွံတေးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

တွံတေး မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ယမန်နေ့ နေလယ် ၂ နာရီခွဲအချိန်မှ စတင်ကာ ညနေ ၄ နာရီ အထိ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာများ အမိုးလန်၊ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း သိရ သည်။

လေပြင်းတိုက်ခတ်မှုကြောင့် မင်းပိုင်းရပ်ကွက်တွင် အိမ် (၁၀) လုံး၊ ခလုပ်ကျေးရွာအုပ်စုတွင် (၂၁) လုံး၊ ရန်ကုန်ပါ ဒကျေးရွာအုပ်စုတွင် (၃) လုံး၊ ဂယက်လမီးကျေးရွာအုပ်စုရှိ ထော်ကူးကျေးရွာ အလယ်တန်း ကျောင်မှ ဝန်ထမ်းအိမ်ယာ (၁) ခုနှင့် ရန်ကုန်ပါဒကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာရှိ မူလတန်းကျောင်း (ရန်ကင်း) အမိုးလန်မှုဖြစ်ပွားခဲ့ပြီး မင်းပိုင်းရပ်ကွက်တွင် နေအိမ် (၂) လုံး၊ ခလုပ်ကျေးရွာအုပ်စုတွင် နေအိမ် (၃) လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် စာသင်ကျောင်းအမိုးလန် (၁) ကျောင်း၊ ဝန်ထမ်းအိမ်ယာ (၁) ခု၊ လူနေအိမ်(၃၄) လုံးနှင့် လူနေအိမ် (၅) လုံး ပြိုကျပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၁၆၇၀၀၀၀) ကျပ်ဖိုးရှိပြီး ပြိုကျမှုအိမ် (၅) လုံးမှ မိသားစုများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်များတွင် ထားရှိပြီး စားဝတ်နေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း နှင့် အဆိုပါ ဖြစ်ပွားမှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)