ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာသော နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ မေ ၁၀

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးဦးရဲထွန်းဦးနှင့် ဌာနဆိုင်တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မြိုင်ကြီးငူဒေသရှိ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ပြီး ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ကာ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရှိ ကျေးရွာ အချို့နှင့် ဖာပွန်မြို့နယ် မဲဝိုင်ဒေသတို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် မြိုင်ကြီးငူဒေသသို့ ခေတ္တတိမ်းရှောင်ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူများအား အေးလင်းသာယာကျောက်စာကွင်း ကျောက်ထက်အက္ခရာ တင်ရာဌာန၌ သွားရောက်တွေ့ဆုံ အားပေးပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၁၆၀၀ (သုံးသောင်းတစ်ထောင် ခြောက်ရာ) တန်ဖိုးရှိ ဆန် ၁၅ ပြည်၊ ဆီ ၂ ပိဿာခွဲ၊ အသားတု ၆၂ ကျပ်သား၊ ပဲ ၁ ပိဿာ ၂၈ ကျပ်သား၊ ကြက်သွန်နီ ၂ ပိဿာခွဲ၊ ဆား ၁ ပိဿာ ၂၅ ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု ၆၂၉ စုမှ လူဦးရေ ၃၂၂၈ ဦးအတွက် ဆန် ၃၉၃ အိတ်၊ ဆီ ၁၅၇၀ ပိဿာ၊  အသားတု ၃၉၀ ပိဿာ၊  ပဲ ၈၁၀ ပိဿာ၊  ကြက်သွန်နီ ၁၅၈၀ ပိဿာ၊  ဆား ၇၉၀ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မြိုင်ကြီးငူဒေသသို့ ခေတ္တတိမ်းရှောင်ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူများအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်နှင့် ဓမ္မာရုံများတွင် ယာယီနေထိုင်နိုင်ရန်စီစဉ်ထားရှိပြီး အိမ်ထောင်စု ၁၅၆ စုမှာ ကမမောင်းမြို့ရှိ အုန်းတောဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်လျှက်ရှိကာ စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် အဆိုပါဒေသရှိနေရပ်စွန့်ခွာပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးရဲထွန်းဦးက နိုင်ငံသားဆိုင်ရာများအား ရှင်းလင်း ပြောကြားပြီး အိမ်ထောင်စုလူဦးရေစာရင်း (၆၄)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် (၄၉)ကတ်တို့အား တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေရပ်စွန့်ခွာပြည်သူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြိုင်ကြီးငူပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူ နေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံပေးအပ်ခဲ့ကာ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနှင့် ကုသရေးလုပ်ငန်းများအား စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသော လှိုင်းဘွဲမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစောစိုးမင်းနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွှေဂွန်းကျေးရွာ၊ အထက်ဘုန်းကြီး ကျောင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာရေအရင်း အမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသိန်းလင်းနှင့်တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး အလျား(၁၃၅) ပေရှိ အထက်ဘုန်းကြီးကျောင်း အနောက်ဘက် မြစ်ကမ်းထိန်းနံရံတည်ဆောက်မှုနှင့် အလျား(၂၅၀)ပေရှိ ရွာသစ်(၃)ရပ်ကွက် ကမ်းထိန်းနံရံတည်ဆောက်မှုလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ထီးဖိုးကလုံးကျေးရွာ၌ ခေတ္တရောက်ရှိ သီတင်းသုံးနေတော်မူသော မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဉာဏိက အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် ထီးဖိုးကလုံး-မြိုင်ကြီးငူလမ်း နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ် အလှူငွေ ၂၀၄ သိန်းကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 စောမျိုးမင်းသိန်း(ပြန်/ဆက်)