သန်လျင်၌ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် သြဂုတ် ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်မောင်းသူများနှင့် ဆိုင်ကယ် မောင်းနှင်သူများအား ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ် ရှင်းလင်းအသိပေးခြင်းလုပ်ငန်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းကို ယမန်​နေ့ နံနက် ၁၀ နာရီခွဲက သန်လျင်မြို့နယ် မြို့မဈေးအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင် များ၊ အမှတ်(၆၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများ၊ ခရီးသည်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်များအား မောင်းနှင်နေကြသော ယာဉ်မောင်းများနှင့် ဆိုင်ကယ်မောင်းနှင်သူများအား ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်များနှင့် ပြစ်ဒဏ်များပါဝင်သော အသိပေး လက်ကမ်းစာစောင်များ၊ မှုခင်းလျော့နည်း ကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခြင်းနှင့် ယာဉ်မောင်းနှင်သူများအား ရှင်းလင်း အသိပေးခြင်း လုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေသစ်တွင် အနိမ့်ဆုံဒဏ်ငွေ ၃၀၀၀၀ ကျပ်မှ အမြင့်ဆုံး ဒဏ်ငွေ ၁၅ သိန်းထိနှင့် အနိမ့်ဆုံးထောင်ဒဏ် တစ်လမှ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ပြဋ္ဌာန်း ထားကြောင်း၊ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်ဖြင့် သန်လျင် မြို့နယ်အတွင်း စည်းကမ်းမလိုက်နာသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဥပေဒအရ အ​ရေးယူ ဆောင်ရွက်ရမှုများရှိကြောင်းနှင့် ဥပဒေသစ်အား ယာဉ်မောင်းများနှင့် ဆိုင်ကယ်မောင်းနှင်သူများ သိရှိနိုင်ရေးနှင့် မှုခင်း လျော့နည်းကျဆင်းရေး ရှင်းလင်းအသိပေးခြင်းလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)