ရန်ကုန် ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက် နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့သည်။ ယခုအခါ ထပ်မံ၍ မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံ တိုးမြှင့်ကပ်ထားသွားမည်ဖြစ်ကြောင်း သိရသည်။
“မဲဆန္ဒရှင်များသည် မိသားစုတစ်စုတွင် အနည်းဆုံး တစ်ဦးသွားရောက်ကြည့်ရှုရန် လိုအပ်ပါကြောင်းနှင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းပေးရန်တောင်းဆိုနိုင်ပြီး မပါဝင်သင့်သူများ ပါဝင်နေပါ က ပုံစံ(၄)ဖြင့်ကန့်ကွက်နိုင်ကာ၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင်နိုင်ပြီး ပြင်ဆင် တင်သွင်းခြင်းကို ဩဂုတ်လ ၁၄ ရက်နေ့ထိ ဆောင်ရွက်နိုင်ပါကြောင်း၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သာကေတမြို့နယ်အတွင်းတွင် မဲရုံ(၂၁၁)ရုံ ထားရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ဦးရေ (၁၆၃၈၈၂)ဦး ရှိကြောင်း” မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော် ထံမှ သိရသည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများမှလည်း ပြည်သူများမဲစာရင်းများ လာရောက်ကြည့်ရှုကြရန် နှိုးဆော်လျက်ရှိပြီး ပြည်သူများ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှုရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)