ရန်ကုန် သြဂုတ် ၇
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ခရီးသွားမိဘပြည်သူများစွာတို့သည် စီးပွားရေးမြို့တော် ရန်ကုန်မြို့ သို့ ကူးသန်းသွားလာရာတွင် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန်(ပန်းဆိုးတန်း)ဆိပ်ကမ်းတို့သို့ မြစ်တွင်းသွား ချယ်ရီသင်္ဘော ၃ စီးဖြင့် နေ့စဉ်ကူးတို့ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုပင်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်တွင် ခရီးသည်သွားလာမှု နည်းပါးပြီး သင်္ဘောခရီးစဉ်များကို အခေါက်ရေ လျော့ပြေး ဆွဲခဲ့ရသည်။ ဇွန်လ ၁ ရက်နေ့မှ စတင်၍ အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ခရီးစဉ်များကို ပုံမှန် ပြန်လည်ပြေးဆွဲ ပေးခဲ့ရာ ခရီးသည်သွားလာမှုများပြားလာခဲ့ပြီး လက်ရှိအချိန်တွင် နေ့စဉ်ခရီးသည်ပြည်သူ ၂၁၀၀၀ ကျော်ကို ကူးတို့ပို့ဆောင် ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါစဖြစ်တဲ့ အချိန်က ခရီးသည်သွားလာမှုနည်းလို့ အခေါက်ရေလျော့ပြီး ပြေးဆွဲခဲ့ရတယ်၊ ဇွန်လက စပြီးမှ ယနေ့အချိန်ထိကို အနယ်နယ်အရပ်ရပ်က ခရီးသည်သွားလာမှုက များလာတာပါ၊ ဝင်ငွေအနေနဲ့ တစ်ရက်ကို ၂၄ သိန်းနဲ့ ၂၈ သိန်း အထိကောက်ခံရရှိတယ်၊ ခရီးသည်သွားလာမှုအနေနဲ့ ၂၁၀၀၀ ကျော်ရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကာလက ပုံမှန်ဆို ခရီးသည် ၃၀၀၀၀ သွားလာမှုရှိတယ်၊ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုက ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှာ နိုင်ငံခြားသား ခရီးသည် ၅၉၂ ဦး၊ ဇူလိုင်လမှာ ၂၁၅ ဦး ဝင်ထွက်သွားလာခဲ့တယ်၊ ဒီ သြဂုတ်လထဲမှာ တစ်ရက်ကို တစ်ဦး၊ နှစ်ဦး၊ သုံးဦးလောက်ပဲ သွားတာရှိတော့တယ် သိသိသာသာနည်းသွားတယ်” ဟု ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နု က ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း လက်ရှိအချိန်ထိ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းတွင် ခရီးသည် စီးနင်းမှုများ ပြားလာခြင်းကြောင့် သင်္ဘောခရီးစဉ် ရပ်နားချိန်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ချယ်ရီသင်္ဘော ဝန်ထမ်းများက နေ့စဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရီးသွားပြည်သူများစွာတို့သည် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း မှတစ်ဆင့် နေ့စဉ်ကူးသန်း သွားလာ လျက်ရှိရာ ဒလသင်္ဘောဆိပ်ကမ်းတွင် ခရီးသည် အတက်၊ အဆင်းပြုလုပ်နိုင်သည့် တံတားနှစ်ခုဖြင့် တည်ဆောက်ထားခြင်းကြောင့် ခရီးသည် များ ဗောတံတားပေါ်သို့ အတက်၊ အဆင်း ပြုလုပ်ရာတွင် အဆင်ပြေစွာ သွားလာလျက်ရှိသော်လည်း ရန်ကုန် (ပန်းဆိုးတန်း) ဆိပ်ကမ်းအနေဖြင့် တံတားတစ်ခုထဲကိုသာ ခရီးသည် အတက် အဆင်း ပြုလုပ် နေရခြင်းကြောင့် ခရီးသည် ဝင်ပေါက်နှင့်ထွက်ပေါက်တို့တွင် စုပြုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်း လက်မှတ်ရုံ အဝင်လမ်းတွင် ဈေးသည်များဖြင့် လူသွားလမ်းမှာ ကျဉ်းမြောင်း လျက်ရှိပြီး ခရီးသည်များ သွားလာရာတွင်အခက်အခဲများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိရာ ခရီးသည်များ သွားလာမှု အဆင်ပြေ စေရေး နှင့် ပန်းဆိုးတန်း လူကူးခုံးကျော်တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ပန်းဆိုးတန်း သင်္ဘောဆိပ်အပေါက်ရှေ့မှ ခုံးကျော် တံတား အကြားတွင် လမ်းချဲ့၍ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မိုးလုံလေလုံ သွားလာနိုင်သည့် လူသွားလမ်းစင်္ကြံကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားမှ ဆောင်ရွက်ပေးလျက် ရှိရာ ခရီးသည်များ သွားလာရေး အဆင်ပြေ ချောမွေ့ လျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)