နတ်မောက် ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် မြို့နယ် အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သွယ်သွယ်အေးက မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ (TCRC) ၏ အခန်း ကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင် မြို့နယ်ပညာ ရေးမှူးဦးကျော်စိုးဝင်းက ကျောင်းများတွင်လည်း အသိပညာပေးလုပ်ငန်းများ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေစေလိုကြောင်းနှင့် ဌာနဆိုင်ရာများကလည်း နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပါက ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ များ ကို တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
လှဝင်း (နတ်မောက်)