ဒဂုံမြောက် မေ ၁၇
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို အခြေခံပညာ အထက်တန်းကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်လမ်းညွှန်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ၊ တက္ကသိုလ်ဝင် လမ်းညွှန် စာအုပ်နှင့် အမှတ်စာရင်းများကို ကျောင်းသားကျောင်းသူများ အဆင်ပြေ လွယ်ကူစွာ ထုတ်ယူနိုင်ရေး တာဝန်ကျ ဆရာဆရာမများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင် လမ်းညွှန်များကို ပြင်ပမှ ဝင်ရောက်ဖြေဆို အောင်မြင်သူများအား မြို့နယ် ပညာရေးမှူးရုံးတွင် ထုတ်ယူနိုင်ပြီး မေလ ၁၁ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ ကျောင်းသူတစ်ဦးမှလည်း ယခုကဲ့သို့ တက္ကသိုလ်ဝင် လမ်းညွှန်များ ထုတ်ပေးသည့်အတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များသို့ အဆင်ပြေလွယ်ကူစွာ လျှောက်ထားနိုင်ကြောင်း ပြောကြားခဲ့သည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)