မြင်းမူ ဩဂုတ် ၇
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင် ဆန္ဒပြုမဲပေးနိုင်ရေး အတွက် အသက်(၁၈)နှစ်ပြည့်ပြီး သူများ (မဲဆန္ဒရှင်များ) အမည်စာရင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်ကာ ကြေညာကပ်ထားပေးလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက် ရှိကြောင်းသိရှိရသည်။
မဲဆန္ဒရှင်များအနေနဲ့ မဲစာရင်းကို ပုံမှန်လာရောက် ကြည့်ရှုလျက်ရှိကြောင်း၊ ကြေညာကပ်ထားပေးသည့် ဇူလိုင်(၂၅)ရက်မှစ၍ ယမန်နေ့ ညနေ စာရင်းချုပ်ချိန်ထိ ကြည့်ရှုသူ (၁၆၀၄၄) ဦးရှိကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါဝင်၍ ပုံစံ(၃)ဖြင့်လာရောက်တောင်းဆိုသူ (၄၂၂)ဦး၊ ကိုယ်ရေး အချက်အလက်မှန်ကန်မှုမရှိ၍ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းသူ (၂၆၄၅) ဦးနှင့် မဲဆန္ဒရှင်အမည် စာရင်းတွင် မပါသင့်သူ (၃၁၈) ဦးရှိ ကြောင်း၊ မြိုနယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်ထံမှသိရှိရသည်။
မဲဆန္ဒရှင်အမည်စာရင်းများကြည့်ရှုရန် ယခင်က ဇူလိုင်လ(၂၅)ရက်နေ့မှ ယနေ့အထိ သတ်မှတ်ပေးထားသော်လည်း ပြည်သူများ ပိုမိုကြည့်ရှုရေးနှင့် လိုအပ်ချက်များ ပြင်ဆင်မှုဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ်လ(၁၄)ရက်နေ့ထိ ရက်တိုးမြှင့်သတ်မှတ်ပေးထားကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)