ပခုက္ကူခရိုင်ပြန်/ဆက်ရုံး၊ Community Centre ခန်းမ၌လူကုန်ကူးမှုတားဆီးရေး Online မှတဆင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဩဂုတ် ၇

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေးတို့ အတွက် ရည်ရွယ်ကာလူကုန်ကူးမှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်၊ ပခုက္ကူခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းထိုက်၊ ပခုက္ကူမြို့၊ Guardian Network စီမံကိန်းမန်နေဂျာကိုလင်းသူအောင် တို့ပါဝင်ပြီး ပခုက္ကူခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍မေးမြန်းသည်။

မေးမြန်းမှုများအား ပခုက္ကူမြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်ကလူကုန်ကူးမှု၏အဓိပ္ပါယ်၊ လူကုန်ကူးမှုကျူးလွန်သူအား အရေးယူ ဆောင်ရွက် နိုင်သည့် ဥပဒေများအကြောင်းကို လည်းကောင်း၊ ပခုက္ကူခရိုင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းထိုက်က ပြည်ပ နိုင်ငံများသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြရာတွင် တရားဝင်သွားလာမှုနှင့် တရားမဝင် သွားလာမှုရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ တရားမဝင် သွားလာလုပ်ကိုင်သူများသည်များသောအားဖြင့် လူကုန်ကူး ခံရမှုဖြစ်နိုင်ကြောင်း၊ ထိုသို့ တရားမဝင်သွားလာလုပ်ကိုင်သူများ မရှိစေရေး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်းတို့ကိုလည်းကောင်း၊ ပခုက္ကူမြို့၊ Guardian Network  စီမံကိန်း မန်နေဂျာ ကိုလင်းသူအောင်ကအရပ်ဖက်အဖွဲ့ အစည်းများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပခုက္ကူခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်က ဖြေကြားမှုများအပေါ် လူကုန်ကူးမှု တာဆီးကာကွယ်ရေး စနစ်တကျနှင့် တရားဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရေးအနှစ်ချုပ်ပြန်လည်ဆွေးနွေးပြီးအသိပညာပေးဆွေးနွေးပွဲကို Online မှတဆင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် IPRD Pakokku Facebook Pageတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)