အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)အစီအစဉ်ဖြင့် ကျေးရွာလျှပ်စစ်မီးရရှိသည့်အထိမ်းအမှတ်ဖွင့်ပွဲ ထန်းတပင်မြို့နယ်တွင် ကျင်းပ

ထန်းတပင် သြဂုတ် ၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကဒတ်ကုန်းကျေးရွာနှင့် ကျွဲကူးကျေးရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိသည့်အထိမ်းအမှတ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ကျင်းပပြုလုပ် ခဲ့ သည်။

ကျေးရွာလျှပ်စစ်မီးရရှိသည့်အထိမ်းအမှတ်ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်က လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး နှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့် အချက်များကို ကျေးရွာနေ ပြည်သူများအား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလှိုင်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးဇော်နှင့် ကျေးရွာအုပ်ချုပ်တို့က ကဒတ်ကုန်းကျေးရွာ (၁၁)ကေဗွီဓါတ်အားလိုင်း (၁ဝဝ)ကေဗွီအေ ထရန်စဖော်မာနှင့် ကျွဲကူးကျေးရွာ (၁၁)ကေဗွီဓါတ်အားလိုင်း (၃၁၅)ကေဗွီအေ ထရန်စဖော်မာဓာတ်အားခွဲရုံများအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

ထန်းတပင် မြို့နယ်အတွင်းရှိ ညောင်ဆိပ်ကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ကဒတ်ကုန်းကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ ချောင်းညီအကိုကျေးရွာ၊ ကြိမ်ပိုက် ကျေးရွာ၊ ကျားဟုန်းကျေးရွာ၊ ပက်အင်းကလေးကျေးရွာ၊ ကလိန်ကျေးရွာ၊ တောညိုကျေးရွာနှင့် ထိုးနာရီကျေးရွာ (၁၁)ရွာတို့တွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) အစီအစဉ်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများကို (၂၀၁၇)ခုနှစ် မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၂၀)ခုနှစ်၊ ဇွန်လပိုင်းတွင် ကျေးရွာ(၄)ရွာနှင့် ယနေ့ကျေးရွာ(၂)ရွာ စုစုပေါင်းကျေးရွာ (၆)ရွာတို့တွင် လျှပ်စစ်မီး စတင်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)