မော်လိုက် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲနှင့် ရန်ပုံငွေစီမံကိန်း စာချုပ်ချုပ် ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးဗိုလ်သိန်းနှင့် ဉီးလှိုင်မြင့်တို့က အဖွင့် အမှာစကားပြောကြားခဲ့ကြသည်။ ယင်းနောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးသိန်းမင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၇၀၀) တို့အား ကျေးရွာမတည်ရန်ပုံငွေ ရရှိသည့် ယူနစ်(၆)ယူနစ် ကျေးရွာ(၉)ရွာတို့မှ ရန်ပုံငွေ ကော်မတီဝင်များထံ လွှဲပြောင်း ပေးအပ်ခဲ့ကြပြီး ရန်ပုံငွေလွှဲပြောင်းစာချုပ်များ ချုပ်ဆိုခဲ့ ကြသည်။
အဆိုပါ “ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကို နိုင်ငံတော်၏ ကိုဗစ် − ၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက် အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်း အနှီးများ ရရှိနိုင်စေရန်၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် အတိုးနှုန်း အနေဖြင့် စီမံကိန်းစတင်ဆောင်ရွက်သည့် ပထနှစ်တွင် ငွေ ၁၀၀ ကျပ်အတွက် တစ်လလျှင် ၅၀ ပြားနှုန်းဖြင့် အတိုးနှုန်းသက်သာစွာ သတ်မှတ်ပေးထားကြောင်း” မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးဟန်မင်းဆွေ ပြောကြားချက်အရ သိရ သည်။
မော်လိုက်သားလေး