ထန်းတပင် သြဂုတ် ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်တိုင်ကျေးရွာ၊ ပန်တိုင်-ဒေါင့်ကြီးတာပေါ်ရှိ ပန်တိုင်ရေထိန်း တံခါးအမှတ် (၂) အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခုနောက်ပိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးတဲ့နှုန်းက ပုံမှန်မဟုတ်တဲ့အတွက် မြစ်ချောင်း တာတမံတွေနဲ့ပတ်သက်ပြီး ပိုပြီးသတိထား လာရတယ်၊ ဒီလိုမျိုးတွေကြောင့် ဌာနအနေနဲ့ အရေးပေါ် ကာကွယ်ရေး အစီအစဉ်ဆွဲတယ် ဆွဲပြီးတော့ နီးစပ်ရာကျေးရွာဒေသခံတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အတွေ့အကြုံရှိအောင်လို့ပြီး အသိပညာပေးသရုပ်ပြပွဲကျင်းပပေးတာပါ နောက်ပြီး တာတမံနဲ့ပတ်သက်ပြီး ရေဘေးကာကွယ်ရေးကို အများပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့လည်းပါပါတယ်ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာနီဝင်းကရှင်းပြသည်။
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲတွင် ထန်းတပင်မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာနီဝင်းက မြစ်ရေကြီး၍ တာပေါ် ရေကျော်မှုများ၊ တာအိကျမှုများ၊ ထူးပေါက်မှုများနှင့် သဲဗွက်ထမှုများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရ မည့်အချက်များ၊ သတိပြုလုပ်ဆောင်သင့်သည့်အချက်များနှင့် အရေးပေါ်အခြေအနေတွင် ကြိုတင် စီမံခန့်ခွဲမှု အဆင့်သတ်မှတ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပြု လုပ်ထားရှိမှု နည်းစနစ်များအဆင့်ဆင့်တို့ကို လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။
အဆိုပါ အသိပညာပေးသရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)