မော်လမြိုင် ဩဂုတ် ၉
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်မှာ အမည်စာရင်းတင်သွင်း ထားတဲ့ ကိုယ်စားလှယ်လောင်း (၃၀၃) ဦးရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မွန်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားအခြေစိုက်ပါတီများ၊ အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ အပါအဝင် ပါတီစုစုပေါင်း(၁၃)ခုတို့က ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မွန်ပြည်နယ်မှာ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းက မနေ့ကအထိ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းစာရင်းက(၈)ဦးစီပေါ့၊ အဲဒီထဲကမှ ဗမာ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတစ်ဦးက မနေ့က ပြန်ရုပ်သိမ်းသွားတာ ရှိပါတယ်။ လက်ရှိစာရင်း ထဲက တိုင်းရင်းသားကိုယ်စားလှယ်လောင်းစာရင်းစုစုပေါင်း ၂၃ ဦးရှိပါတယ်။ ခရိုင်တွေမှာ အမည် စာရင်းတင်သွင်း ထားတဲ့ ပြည်သူ့လွှတ်တော်ဆိုရင် (၆၅)ဦး၊ အမျိုးသားလွှတ်တော် (၂၉)ဦး၊ ပြည်နယ် လွှတ်တော်(၁၃၈)ဦး၊ ဒီထဲကမှ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တစ်ဦးစီ မနေ့က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ မွန်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားကိုယ်စားလှယ်လောင်း အပါအဝင် လွှတ်တော် (၃) ရပ်မှာ စုစုပေါင်း(၃၀၃)ဦး အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်တယ်။” လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးဟိဏ်လင်းထက်ကပြောသည်။
မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၀) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂၀) နေရာနှင့် ဗမာ၊ ကရင်၊ ပအိုးဝ်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်(၃)နေရာ စုစုပေါင်း (၄၅) နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ယခုတင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းစာရင်းတွေကိုတော့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ စစ်ဆေး သွားမှာဖြစ်ပြီး ကျန်တဲ့လွှတ်တော်(၃)ရပ်က ကိုယ်စားလှယ် လောင်းစာရင်းကိုတော့ သက်ဆိုင်ရာခရိုင်ကော်မရှင်ရုံးမှာ လာမည့် (၁၁) ရက်နေ့မှ စတင်ပြီး (၁၇) ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာတွေကို စိစစ်ဆောင်ရွက်သွားမယ်လို့ ဦးဟိဏ်လင်းထက်က ဆက်လက်ပြောသည်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာဆိုရင် မွန်ပြည်နယ်မှာ ပါတီ(၁၈)ခုကနေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ(၂၇၉)ဦး ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏စာရင်းအရ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့် ရက်ကို ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။
ကိုဟိန်း(ပေါင်)