သထုံ ဩဂုတ် ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ်တစ်ခု အဖြစ် အခမဲ့ ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် မော်တာ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သထုံခရိုင် ဦးစီးဌာနမှူး ဦးမိုးဝင်းက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို အခမဲ့ စားရိတ်ငြိမ်းဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က သင်တန်းသူတစ်ဦးထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ကျွမ်းကျင်နည်းပြများက ဘလောက်(စ်)အင်္ကျီ၊ ရင်ဖုံး/ရင်စေ့အင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ရှပ်အင်္ကျီ လက်ရှည်/လက်တို၊ ကုတ်အင်္ကျီ၊ စကတ်၊ ဂါဝန်စသည်တို့ကို တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့မှ သင်တန်းသူ ၂၀ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
သက်ဦး(သထုံ)