နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးမြို့အတွင်း အရွက်စားလောက်ကောင် ပိုးတစ်မျိုးကျရောက်သဖြင့် နှိမ်နှင်းရေးလုပ်ငန်းများလုပ်ဆောင်ပေး

မုံရွာ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ ဒုံဟီးမြို့နယ်ခွဲ ကျားဝယ်ကျေးရွာရှိ တောင်ယာ စပါးခင်းများတွင် အရွက်စားလောက်ကောင် ပိုးတစ်မျိုးကျရောက်သဖြင့် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများလုပ်ဆောင်ကာ ဆက်လက်ပြန့်ပွားမှုမရှိစေရေး စောင့်ကြည့်လျက်ရှိကြောင်း ဒုံဟီးမြို့နယ်ခွဲ စိုက်ပျိုးရေး ဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။

အရွက်စားလောက်ကောင်ပိုးများ ကျရောက်မှုကို ကျားဝယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရခြင်းဖြစ်ပြီး သတင်းရချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပိုးကျရောက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နှိမ်နှင်းရေးလုပ်ငန်း များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သတင်းပို့ချက်အရ ပိုးကျနေတယ်ဆိုတာကို အခုလ(၁)ရက်နေ့က သိရတယ်၊ (၂)ရက်နေ့မှာ အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ခရိုင်/တိုင်းဒေသကြီးအဆင့်ကို သတင်းပို့တယ်၊ သူတို့ရဲ့ လမ်းညွှန်ချက်အရ ပိုးသတ်ဆေးဖြန်းတာတို့ကို ဒေသခံတောင်သူတွေနဲ့ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်၊ အခုဆက်လက်ပြီးတော့လည်း ပိုးပြန့် ပွားမှုမရှိစေဖို့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ် ” ဟု ဒုံဟီးမြို့နယ်ခွဲစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးက ပြောသည်။

အရွက်စားလောက်ကောင်ပိုး ကျရောက်လျက်ရှိသော ဒုံဟီးမြို့နယ်ခွဲ ကျားဝယ်ကျေးရွာမှ တောင်သူ (၈၀)ဦး၏ တောင်ယာစပါးခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် တောင်သူများမှ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ကာဆက်လက်ကူးစက်မှု မရှိစေရေး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)