လက်ပံတန်း ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေး ဝန်ကြီးဌာန Website များမှ တစ်ဆင့် ယမန်နေ့ နံနက် ၁၂ ခွဲအချိန်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍ လက်ပံတန်းမြို့နယ်ရှိ စာစစ်ဌာန ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်ချုပ်ရေး စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဘုတ်ကပ်၍ ကြေငြာထားရှိခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)လက်ပံတန်း၊ အ.ထ.က(၂)လက်ပံတန်း၊ အ.ထ.က (ခမုံဆိပ်)၊ အ.ထ.က (သာရဝေါ) အစရှိ သည့် စာစစ်ဌာန ငါးခုဖြင့် ကျင်းပခဲ့ရာ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၁၁၅၅)ဦး၊ ကျောင်းသူ (၁၅၆၄)ဦး စုစုပေါင်း (၂၇၁၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အနေဖြင့် ကျောင်းသား(၂၇၄)ဦး၊ ကျောင်းသူ(၄၄၉)ဦး စုစုပေါင်း (၇၂၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၂၆..၅၉) ရာခိုင်နှုန်းရှိကာ ယခင်နှစ်ထက် အောင်မြင်မှုရာခိုင်နှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ လက်ပံတန်းမြို့နယ်တွင် လေးဘာသာ ဂုဏ်ထူး-၄ ဦး၊ သုံးဘာသာဂုဏ်ထူး-၇ ဦး၊ နှစ်ဘာသာဂုဏ်ထူး-၃၂ ဦးနှင့် တစ်ဘာသာဂုဏ်ထူး - ၉၃ ဦး ရရှိခဲ့ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်စာရင်း လာရောက်ကြည့်ရှုသူများကို ကြီးကြပ်ဆရာ၊ ဆရာမများမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်နှင့်အညီ ကြည့်ရှုစေရန်နှင့် ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း တို့အား ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး