တောင်ငူ သြဂုတ် ၁၀
တောင်ငူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန်၌ စာရင်းတိကျ မှန်ကန်မှုရှိစေရေးအတွက် ကျေးရွာ များသို့ ကွင်းဆင်းကာ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း(၁၉၂)ရုံ ထားရှိပြီး သြဂုတ်လ ပထမပတ် အတွင်း ပုံစံ (၃) တောင်းဆိုသူ ဦးရေ (၁၆၉၄)ဦး၊ ပုံစံ(၃-က) တောင်းဆိုသူ ဦးရေ (၂၄) ဦး၊ ပုံစံ (၄-ဂ) ပြင်ဆင်သူဦးရေ (၁၀၉၈) ဦး၊ ပုံစံ (၄) ကန့်ကွက်လွှာ အတွက် ဦးရေ (၇၄၆) ဦးအထိ ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရုံးမှ သိရသည်။
တောင်ငူမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လျာထား စာရင်းအရ ဆန္ဒမဲပေး ပိုင်ခွင့်ရှိ သူပေါင်း ၁၉၀၀၀၀ ကျော်အထိရှိကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်များ၏ စာရင်းများ ကပ်ထားကြေညာရာတွင် စနစ်တကျ ရှိစေရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း များကို ဩဂုတ်လ (၁၅) ရက်နေ့အထိ တိုးမြှင့်ကြေညာထားကြောင်း ၄င်းကာလအတွင်း မဲဆန္ဒရှင်စာရင်း၌ မိမိအမည် မပါရှိလျှင် ပုံစံ(၃)ဖြင့် တောင်းယူ ဖြည့်စွက်ရန်၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့် တောင်းယူဖြည့်စွက် ကန့်ကွက် ရန်၊ မဲစာရင်း၌ ပါနေသည့် အချက်အလက်များကို ပြင်ဆင်လို လျှင် ပုံစံ (၄-ဂ)ဖြင့် တောင်းယူ ဖြည့်စွက်ပြင်ဆင်ရန်တို့ကို ပြည်သူများအား အသိပေးဆွေးနွေး ခြင်း၊ ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ အနေဖြင့် သတ်မှတ်ထားသော ပုံစံများဖြင့် စနစ်တကျ ဆောင်ရွက်ရန်၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ပြန်လည် ကပ်ထားကြေညာချိန်၌ ပိုမိုတိကျပီး စာရင်းမှန်ကန်မှုရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရှိသည်။
ဇော်ထက် (တောင်ငူ)