မြောက်ဥက္ကလာပ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာသို့ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စ၍ (င)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်(င)ရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များနှင့် အတူဆယ်အိမ်မှူး၊ ရာအိမ်မှူးများက သုဓမ္မာလမ်း၊ ဝဇီယာ လမ်းနှင့် နွယ်နီ ၁ဝ လမ်းသွယ်တို့တွင် နေထိုင်သည့် အိမ်ထိုင်စုများအား မဲစာရင်းများ၌ မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ - ၄ ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ တို့ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းပြောကြားခြင်းနှင့် မဲစာရင်းများကို လာရောက် ကြည့်ရှုရန် အသိပေးပြောကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ မဲရုံပေါင်း(၂၃၈)ရုံတွင် မဲပေးနိုင်သူ မဲဆန္ဒရှင် ပြည်သူ (၂၅၀၁၂၃)ဦး ရှိကြောင်း သိရပြီး ကျင်းပမည့် နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)