ကံမ ဩဂုတ် ၁၀
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် အဖွဲ့ဝင်များသည် ကံမမြို့နယ် အတွင်းရှိ မဲစာရင်းများ ကြေညာထား ရှိသည့် ရပ်ကွက် ကျေးရွာများသို့ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများကြည့်ရှုနိုင်ရန် စနစ်တကျစီစဉ်ပြသထားရှိမှု၊ မဲဆန္ဒရှင် အမည်စာရင်းများ ထည့်သွင်းရန် တောင်းဆိုခြင်း ၊ပြန်လည်ပယ်ဖျက်ရန် ကန့်ကွက်ခြင်းမှားယွင်းမှုများကို ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားမှုများကို သတ်မှတ်ပုံစံဖြင့် စနစ်တကျ ဆောင်ရွက်ရန်နှင့် မှန်ကန်သော မဲစာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မဲစာရင်း လာရောက် ကြည့်ရှုရန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)