ညောင်လေးပင် ဩဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အမှတ် (၁၂) စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကိရိယာအရောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက အမှာစကားပြော ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် က သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းအား တောင်သူများ တန်ဖိုးကြီးမြင့်သည့် စက်များကို စနစ်တကျမောင်းနှင်ထိန်းသိမ်းတတ် စေရန်နှင့် နေ့စဉ်၊ အပတ်စဉ် နာရီအလိုက် ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်များ သိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း၌ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄ ခုမှ သင်တန်းသား ၃၇ ဦးအား သြဂုတ်လ ၁၀ရက်နေ့မှ ၂၁ ရက်နေ့ အထိ စာတွေ့လက်တွေ့ သင်ကြားပို့ ချပေးမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်(ညောင်လေးပင်)