ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန် (၇)ရက်တိုးမြှင့် ကပ်ထား ကြေညာ

ရွှေကျင် ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ် ပုံစံအတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ရွှေကျင်မြို့နယ်အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ကပ်ထားကြေညာထားပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံမှန်ကန် စေရန် နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန် ပိုမို ရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်းသိရသည်။

ရွှေကျင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၉)အုပ်စု၌ မဲရုံပေါင်း (၇၅)ရုံဖွင့်လှစ်သွားမည် ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ(၇၅၀၀၀)ကျော်ရှိပြီး မဲစာရင်းများ စနစ်တကျ ကပ်ထား ကြေညာထားမှု နှင့် ပြည့်စုံမှန်ကန်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

ဩဂုတ်လ ၉ ရက်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက် ကြည့်ရှုလျက် ရှိပြီး ဒုတိယ အကြိမ် မဲစာရင်းကို အောက်တိုဘာလတွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)