ပဲခူးမြို့၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ (VRFP) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူး သြဂုတ် ၁၀

ပဲခူးမြို့ ဥဿာမြို့သစ်(၇/၃)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည် စီမံကိန်း ရန်ပုံငွေ(VRFP) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ပဲခူးမြို့နယ်မှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအတွက် အုပ်စု(၁)တွင် ပါရှိသည့် အိုင်ကြီးဒေါင့်ကျေးရွာ၊ သဲဖြူကျေးရွာ၊ ကျောက်လုံးကြီးကျေးရွာ၊ အဆိပ်တောင်၊ သရက်ကုန်းကျေးရွာတို့အား တစ်ရွာလျှင် ကျပ်သိန်း (၃၀၀)စီကိုလည်းကောင်း၊ အုပ်စု(၂)တွင်ပါရှိသည့် ကျွဲဖီလာ၊ ချောင်းဝကျေးရွာတို့အား သိန်း(၂၀၀)စီကိုလည်းကောင်း၊ အုပ်စု(၃)တွင်ပါရှိသည့် ရွှေလှေဘူတာကျေးရွာအား ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)တို့ အား ပဲခူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး တို့က စီမံကိန်းကျေးရွာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ကြပြီး ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက စီမံလုပ်ငန်းများကို တာဝန်ယူကြီးကြပ်ကြမည့် ဌာနဝန်ထမ်းများနှင့် ကျေးရွာတာဝန်ရှိသူများ အား မိတ်ဆက်ပေး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)