ကျောက်တံတား ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက် တွင် ကပ်ထားကြေညာထားလျက်ရှိ ရာ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက ရပ်ကွက်(၉) ရပ်ကွက် သို့ အဖွဲ့(၂)ဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် အဖွဲ့(၂)ဖွဲ့မှ မိမိတို့တာဝန်ကျ ရပ်ကွက်များရှိ မဲစာရင်းကပ်ထားမှု အခြေအနေ၊ မဲစာရင်းများ ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေနှင့် မဲစာရင်းများတွင် အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ဖြည့်စွက် ဆောင်ရွက် ပေးမှု အခြေအနေများ၊ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိ ခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း မဲရုံထားရှိမည့်နေရာများ၏ မြေပြင်အခြေအနေများကို ကြည့်ရှုခဲ့ကြကာ Social Distancing နှင့်အညီ မဲရုံများ ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကျောက်တံတားမြို့နယ်တွင် မဲရုံ(၂၈)ရုံ ထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ